Saturday, October 1, 2011

အော်ပီကျယ် ဟောပြောပွဲ အကန့်အသတ်မရှိ ရွှေ့ဆိုင်းရ။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး၌ စနေနေ့တွင် ပြုလုပ်မည့် ကာတွန်းဆရာအော်ပီကျယ်၏ စာပေဟောပြောပွဲ အစီအစဉ်ကို အာဏာပိုင်များက အကြောင်းပြချက် တစုံတရာ ပြောဆိုခြင်း မရှိဘဲ ရက် အကန့်အသတ်မရှိ  ရက်ရွှေ့ဆိုင်းခိုင်းကြောင်း သိရသည်။

“မြစ်ဆုံကိစ္စတွေ ရပ်ပြီလို့ ကြားတဲ့ အချိန်လောက်ပဲ ငါးလုပ်ငန်းကနေ လှမ်းဖုန်းဆက်တယ်။ ဟောပြောပွဲကို အထက်ကနေပြီး ရက်ရွှေ့ပေးပါလို့ ပြောလာလို့တဲ့” ဟု  အော်ပီကျယ်က ပြောသည်။

ရုတ်တရက် ဟောပြောပွဲ တားမြစ်ခဲ့ခံရသည့် အပေါ် ဆရာအော်ပီကျယ်က “ငါးလုပ်ငန်း ဦးစီးကလည်း ပွဲပေါင်း
များစွာ နှစ်နဲ့ချီပြီး စီစဉ်ခဲ့တာ သူတို့မှာ အတွေ့အကြုံရှိပါတယ်။ သူတို့လည်း ဘယ်လိုမှမလွန်ဆန်နိုင်တဲ့ နေရာကပြောလို့ သာ ရပ်ရတာပေါ့” ဆိုသည်။

“ကူ၍ တွန်းပေးကြပါ” ခေါင်းစဉ်ဖြင့်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အပါအဝင်အဘက်ဘက်မှ နောက်ကျ နေသည့် လက်ရှိ မြန်မာပြည် အခြေအနေများ ဟောပြော ဆွေးနွေးရန် လွန်ခဲ့သည့် တလခန့်ကပင် စီစဉ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“နွံနစ်နေရင် တိုင်းပြည် တပြည် တိုးတက်ဖို့ အတွက် ရှေးခရီးဆက်ဖို့ အတွက် ဒီလှည်းဘီးက ရပ်နေတာပေါ့ အဲဒီတော့ မတိုးတက်ဘူးပေါ့ဗျာ၊ တိုးတက်ဖို့ အတွက် နွံကနေ ရုန်းထွက်ရပါမယ်လို့ အဲဒီအကြောင်းပြောတာပါ။ ကျနော် အဲဒါတွေ ပြောလာတာ နှစ်လ သုံးလ ရှိပါပြီ ဒါပဲပြောမှာပါ” ဟု ဆိုသည်။

ဟောပြောပွဲ စီစဉ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်က ပွဲပိတ်မခံရမီ လွန်ခဲ့သည့် သုံး ရက်ခန့်က မြစ်ဆုံအရေး ကိစ္စများကိုရှောင်ရှား ဟောပြောရန် မေတ္တာရပ်ခံခဲ့ကြောင်း ဆရာအော်ပီကျယ် မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ပုဇွန်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကာ  ငါးလုပ်ငန်း ရုံးချုပ်တွင် ပညာရှင်များ၊ စာရေးဆရာများကို ဖိတ်ကြားပြီး ၂ ပတ်တကြိမ်  စာပေဟောပြောပွဲများ ပုံမှန် ပြုလုပ်လေ့ရှိရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူအဖြစ် လူသိများလာသူ ကာတွန်းဆရာ အော်ပီကျယ်ကို ဟောပြောရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ 

No comments:

Post a Comment